Tuesday, April 14, 2009

မူပိုင်ပန်းချီကား

Tuesday, April 14, 2009
မူပိုင်ပန်းချီကား

သူသည် ပန်းချီကားများကိုအလွန်နှစ်သက်သူဖြစ်သည်။ ပန်းချီကားတချပ်ကိုကြည့်လျှင် ထိုပန်းချီကား၏ထူးခြားချက်ကို အစဉ်ရှာဖွေတတ်သူဖြစ်သည်။ ပန်းချီပြခန်းများကိုရောက်တိုင်း “ဒီပန်းချီကားကတော့ ဆွဲထားတာ ဘယ်လိုသေသပ်တာ၊ ဒီပန်းချီကားကတော့ မြင်လိုက်ရင် တခြားဟာတွေနဲ့မတူ ဘယ်လိုထူးခြားနေတာ၊ ဒီပန်းချီကားကတော့ လက်ရာကသိသိသာသာ ဘယ်လိုကောင်းနေတာ” စသည်ဖြင့် ကျမကိုပြောပြလေ့ရှိသည်။ သူနှင့်မတွေ့ခင်က သာယာမက်မောဖွယ်ကောင်းသောရှုခင်းများကိုရေးဆွဲထားသည့် ပန်းချီကားများကိုသာ သတိထားမိတတ်သောကျမသည် သူနှင့်အတူ ပန်းချီပြခန်းများကို တခုပြီးတခုရောက်ပြီးသောအခါ သူပြောပြသော သူကြည့်လေ့ရှိသောထူးခြားချက်များကို ခံစားတတ်လာခြင်းမှာ သူ၏ နည်းပေးလမ်းပြကောင်းမွန်ခြင်းကြောင့်ဖြစ်နိုင်သလို၊ ကျမကပဲ တတ်လွယ် မြင်လွယ် သိလွယ်သူဖြစ်နေသောကြောင့်လည်းဖြစ်နိုင်သည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာမှပန်းချီဆရာတယောက်ရေးဆွဲထားသော ကလေးမလေးတယောက်၏ ပုံတူပန်းချီကားကိုကြည့်ပြီး “ကြည့်ပါဦး။ မျက်လုံးတွေကသိပ်အသက်ဝင်တာပဲ။ ပန်းချီကားနဲ့တောင်မတူဘူး။” ဟု သဘောကျနှစ်ခြိုက်စွာ သူပြောခဲ့တုန်းက သူ့နှင့်အတူထိုပန်းချီကားကိုလိုက်ကြည့်ရင်း သူ့မျက်လုံးတွေအကြောင်း ကျမတွေးခဲ့ဖူးသည်။

တကယ်တော့ သူ့ကိုတွေ့ခါစက သူ့မျက်လုံးများထက် ဂျင်းဘောင်းဘီဝတ်ပြီး ကတီပါဖိနပ်စီးထားသော သူ့ခြေဖမိုးဖြူဖြူများကိုသာ ကျမကသတိထားမိခဲ့သည်။ ယောက်ျားလေးဖြစ်သော်လည်း သွယ်လျပျော့ပျောင်းဖွယ်ရသော သူ့လက်ချောင်းများနှင့်ခြေချောင်းများကို ကျမကတအံ့တသြ လူအလစ်မှာကြည့်မိခဲ့သည်။ သူနှင့်ဘေးချင်းကပ်ထိုင်ဖြစ်ခဲ့သောညစာစားပွဲတခုတွင်မှ သူ့မျက်လုံးများကို လျပ်တပြက်ဖတ်ခွင့်ရလိုက်သည်။

ထိုညစာစားပွဲတွင်ဟိုတစဒီတစ တယောက်တခွန်း ပြောနေကြသောအကြောင်းအရာများ ပြည့်လျှံနေခဲ့သည်။ ထိုစဉ် ပန်းကုံးလေးများကိုင်ပြီး စားပွဲနားရောက်လာသော ပန်းသည်ကလေးလေးတယောက်ကို အားလုံး သတိမထားမိပေ။ ကျမကထိုကလေးကိုသတိထားလိုက်မိချိန် သူက အဲဒီကလေးကိုသူ့အနားခေါ်အပြီးဖြစ်နေသည်။ ထိုကလေးနဲ့စကားပြောပြီး ပန်းဝယ်နေသော သူ၏ နူးညံ့ခြင်းများပြည့်နေသောမျက်လုံးများကို မြင်လိုက်ရသည့်တခဏ ကျမရင်ဘတ်တခုလုံးဖြတ်ခနဲတုန်ခါပြီး နွေးထွေးသွားသည်။ ယောက်ျားတယောက်၏မျက်လုံးများသည် ဤမျှထိနူးညံ့နိုင်ကြောင်း ဘယ်တုန်းကမှ ကျမမတွေးမိခဲ့ချေ။ ထိုညစာစားပွဲတွင်တဒင်္ဂတွေ့လိုက်ရသော သူ့မျက်လုံးများကို ပန်းချီဆရာမဟုတ်သောကျမက နှလုံးသားထဲတွင် မှတ်တမ်းတင်ဓါတ်ပုံအဖြစ် ရိုက်ဖြစ်ခဲ့သည်။

တခါကတော့ သူနှင့်ကျမသွားဖြစ်သော ပန်းချီပြခန်းတခုတွင်ပြသထားသည့် ခေါင်းအခွံသာပါရှိပြီး ပုံပျက်ပန်းပျက်အော်ဟစ်နေသောမျက်နှာများနှင့်ပန်းချီကားကို သူကအလွန်နှစ်သက်ခဲ့သည်။ ထိုပန်းချီဆရာ၏ ထူးခြားသောလက်ရာနှင့်အတွေးကို သူကချီးမွမ်းပြောဆိုနေခိုက် ကျမကတော့ သူသာကျမအနားမရှိသောတနေ့ရောက်ခဲ့မည်ဆိုလျှင် ထိုသို့အော်ဟစ်နေသူများထဲ ကျမပါဝင်သွားလေမလားဟု ဖြတ်ခနဲတွေးမိလိုက်သည်။ ထိုအတွေးမျိုးကိုသူ့ကိုပြောပြတိုင်း “ကိုအနားမရှိလည်း မင်းနေနိုင်သွားမှာပါ။ မင်းက တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ထင်တာထက် စိတ်ဓါတ်မာပါတယ်” ဟုသူက ပြန်ပြောလေ့ရှိသည်။ သူမရှိခဲ့လျှင် ကျမဘ၀သည်အဓိပ္ပါယ်မဲ့သွားနိုင်သည်ဆိုခြင်းကို သူက ဘယ်တုန်းကမှ လက်မခံခဲ့ချေ။

သူနှင့်ကျမနှစ်ယောက်လုံးကြိုက်နှစ်သက်ပြီး မ၀ယ်ဖြစ်သောပန်းချီကားတချပ်ရှိခဲ့ဖူးသည်။ ထိုပန်းချီကားထဲတွင် ဟောင်းနွမ်းသွားသောအိမ်များစီတန်းနေသည့် လမ်းအိုပေါ်တွင် ဘီးတပ်လှည်းတစီးရှိသည်။ လှည်းအနီးတွင်ရှိသော သစ်ပင်အိုမှ သစ်ရွက်ခြောက်များ ပန်းချီကားတချပ်လုံးရှိနေရာအနှံ့တွင် ကြွေကျနေသည်။ အဖြူအမည်းအရောင်များကို အလေးပေးဆွဲထားသော ထိုပန်းချီကားတွင် သစ်ရွက်ခြောက်တချို့ကို ဆည်းဆာရောင်သန်းထားသည်မှာ အမြင်တမျိုးထူးစေသည်။ ဟောင်းနွမ်းခြင်းများပြည့်လျှံနေသောထိုပန်းချီကားတွင် ဆည်းဆာရောင်သန်းနေသည့်သစ်ရွက်ခြောက်တချို့သည် မျှော်လင့်ချက်ရောင်ခြည်ကို ကိုယ်စားပြုသည်ဟု ကျမခံစားလိုက်ရသည်။ ထိုပန်းချီကားကိုကြည့်ပြီး သူနှင့်ကျမတို့၏ ကိုယ်ခန္ဓာများ အိုမင်းရင့်ရောသွားသောအခါ ကျမတို့ကြားမှအချစ်သည် ထိုပန်းချီကားထဲမှ သစ်ရွက်ခြောက်တချို့ကဲ့သို့ ထာဝစဉ်ရောင်ခြည်သန်းနေမည်ဟု ကျမကယုံကြည်ချင်မိသည်။ ထိုယုံကြည်ချက်ကိုအမြဲခံစားနိုင်ရန် ထိုပန်းချီကားကိုကျမက ၀ယ်ချင်မိခဲ့သည်။ သို့သော် “တခြားဒီ့ထက်ကောင်းတာတွေ ရှိချင်ရှိဦးမှာပါ” ဟုသိပ်လက်တွေ့ကျကျစဉ်းစားလေ့ရှိသော သူကပြောတော့ သူကြိုက်နှစ်သက်တာမျိုးဖြစ်စေချင်သောကျမ လက်လျှော့ခဲ့မိသည်။

သူနှင့်ကျမ ပထမဆုံးအတူဝယ်ဖြစ်သောပန်းချီကားကို ကျမကဦးစွာတွေ့ရှိခဲ့သည်။ လူခေါင်းဟုတ်သလိုလို မဟုတ်သလိုဖြစ်နေသော ခေါင်းနှင့် မိန်းမတယောက်၏ကိုယ်လုံးတို့ကို ထူးခြားပြီးသိပ်မရှုပ်ထွေးသောဆွဲချက်များနှင့် ပေါင်းစပ်ပုံဖော်ထားသည်ကို အကြိုက်တွေ့သွားခြင်းဖြစ်သည်။ ကင်းဗတ်စ်ပေါ်တွင်ဆွဲထားပြီး နှစ်ပိုင်းဆက်ပြီးကြည့်ရသောထိုပန်းချီကားကို မြင်မြင်ချင်းကျမကကြိုက်နှစ်သက်သွားပြီး သူ့ကိုခေါ်ပြတော့ အကြိုက်ချင်းတူသွားကြသည်။ သူကတော့ ထိုပန်းချီကားကို ကျမထက်စုံစေ့အောင်လေ့လာပြီးမှ ကြိုက်နှစ်သက်ခြင်းဖြစ်သည်။ ဘာပဲပြောပြော သူလည်းကြိုက်နှစ်သက်ခဲ့သောကြောင့် ထိုပန်းချီကားကို ကျမတို့ဝယ်ဖြစ်သွားသည်။ ထိုပန်းချီကားသည် ကျမတို့နှစ်ဦးအတူ ပထမဆုံးဝယ်ဖြစ်ခဲ့သောပန်းချီကားဖြစ်သောကြောင့် နောက်နောင် အဘယ်မျှဈေးပိုကြီးသော ပန်းချီကားမျိုးကိုဝယ်ဖြစ်သော်လည်း ထိုပန်းချီကားကိုသာ တန်ဖိုးအရှိဆုံးပန်းချီကားအဖြစ် ကျမစိတ်ထဲသတ်မှတ်မိသည်။

ပန်းချီဆရာများရေးဆွဲထားသော ပန်းချီကားများကို သူနှင့်လိုက်ကြည့်ပြီး နှစ်သက်တတ်လာသော ပန်းချီဆရာမဟုတ်သည့်ကျမနှလုံးသားထဲတွင်လည်း သူ့တွက်ရင်ခုန်သံများနှင့်ရေးခြစ်ထားသော မူပိုင်ပန်းချီကားတချပ်ရှိသည်။ ထိုပန်းချီကားတွင် သူနှင့်ဆုံတွေ့ခဲ့သောအချိန်များ၊ ပျော်ရွှင်ခဲ့သောအချိန်များ၊ သူ့ကြောင့်ခံစားရသောအချိန်များ၊ ကျမဘ၀အတွက် သူနှင့်ပတ်သက်သောပထဆုံးများကိုသာ ထည့်သွင်းရေးဆွဲမည်။ ထိုပန်းချီကား၏ တချို့အစိတ်အပိုင်းတို့သည် ဆေးရောင်များနှင့်မြူးတူးတောက်ပနေနိုင်သလို၊ တချို့နေရာများတွင် မှုန်ရီဝေမှိုင်း ၀ိုးတ၀ါးဖြစ်နေပေလိမ့်မည်။ တချို့အပိုင်းတို့သည်ကား နံနက်ခင်း၏လန်းဆန်းမှုများနှင့် ပြည့်နက်နေပေလိမ့်မည်။ သေချာသည်ကတော့ ထိုပန်းချီကားတွင် သူနှင့်ကျမအကြောင်းမှလွဲ၍ တခြားအရာမပါရှိသလို၊ ကျမဘ၀တွင် ကျမရေးဆွဲသော တခုတည်းသောပန်းချီကားသာဖြစ်မည်။ ထိုပန်းချီကားကိုနားလည်နိုင်သူသည်လည်း သူတဦးတည်းသာဖြစ်ပေတော့မည်။

(13 April 2009)

0 comments:

Post a Comment