Thursday, April 16, 2009

မြင့်မိုရ်တောင်ထိပ်ကလမင်း

Thursday, April 16, 2009
မြင့်မိုရ်တောင်ထိပ်ကလမင်း

အမှန်ဆိုဒီလိုညမျိုးအပြင်မထွက်သင့်ဖူး။ ဒါပေမယ့် ရေနည်းနည်းပဲကျန်တော့တဲ့ရေအိုးစင်ကိုကြည့်ပြီး တကိုယ်တည်းနေရတဲ့ကျမ ကိုယ့်အားကိုယ်ကိုးဖို့ ဆုံးဖြတ်လိုက်တယ်။ အပြင်ကိုထွက်လိုက်တော့ ပတ်ဝန်းကျင်ရဲ့အအေးဒဏ်ကြောင့် ကျမခန္ဓာကိုယ် စိမ့်ခနဲဖြစ်သွားတယ်။ ၀တ်ထားတဲ့လက်ရှည်အင်္ကျီနဲ့ မလုံလောက်တာသိတော့ အိမ်ထဲပြန်ဝင်ပြီး အနွေးထည်တထည်ကို ခပ်သွက်သွက်ကောက်စွပ်လိုက်တယ်။ ပြီးတော့ရေပုံးကိုယူပြီး ရေတွင်းရှိရာကို ခြေလှမ်းလိုက်တယ်။

တကယ်ဆို ဒီခြံကိုဆောက်ခဲ့တဲ့သူဟာ ရေတွင်းကို အိမ်နဲ့အဝေးကြီးမှာမဆောက်သင့်ဖူး။ သူတို့တွေအတွက်တော့ ခြေလှမ်းနှစ်ဆယ်လောက်လှမ်းရတာ အပန်းကြီးစရာမဖြစ်လို့ပဲ ဖြစ်မယ်။ ကျမစိတ်ထဲတော့ ခုလိုညမှာရေတွင်းကို အိမ်ဘေးကပ်ရက်မှာရှိစေချင်လိုက်တာ။ သြော် တကယ်ဆိုရင် ကိုယ့်ကိုဖေးမမယ့် ဘ၀လက်တွဲဖော်တယောက်သာအနားရှိခဲ့ရင် ဒီရေတွင်းဘယ်လောက်ဝေးဝေး ဘာမှုစရာလဲ။ ဟင့်အင်း ... မတွေးနဲ့။ သူနဲ့ပတ်သက်ရင် မတွေးနဲ့။ မတွေးချင်တာမတွေးဖို့ ပတ်ဝန်းကျင်အခြေအနေဘက်ကို စိတ်ပြောင်းလိုက်တယ်။ လူဆိုတာ မတွေးပါနဲ့ဆိုမှ စိတ်ကရောက်ရောက်သွားတယ်။ ဘယ်လိုစိတ်ကိုထိန်းရပ။ ကြံရာမရလျှောက်နေတဲ့ခြေလှမ်းတွေကို ရေတွက်ကြည့်တယ်။ တစ်လှမ်း ... နှစ်လှမ်း ... သုံးလမ်း ... လေးလမ်း ..... ..... ..... ဆယ့်နှစ်လမ်း ။ ဟုတ်ပြီ ရောက်ပြီ။

ရေတွင်းဆီရောက်မှ အဲဒီညက လပြည့်ညဆိုတာ သတိထားလိုက်မိတယ်။ လရောင်ကရေတွင်းပေါ်ကျနေတာ ကျမကြည့်ဖူးတဲ့ရုပ်ရှင်ကားတွေထဲမှာ စလိုက်မီးနဲ့တနေရာကို ကွက်ထိုးထားသလိုပဲ။ ရေပုံးကိုဘေးမှာချပြီး ရေတွင်းထဲကို ကြိုးတပ်ပုံးကိုချလိုက်တယ်။ ကြိုးတပ်ပုံးက ရေတွင်းရဲ့နံရံကိုရိုက်မိတော့ အသံထွက်လာတာ ညဘက်မှာဟိန်းသွားတာပဲ။ ကျမလန့်သွားတယ်။ ကြက်သီးတွေထလာသလို။ စိတ်ငြိမ်အောင်လမင်းကိုမော့ကြည့်လိုက်တယ်။ ဒီလိုလပြည့်ညတွေ သူနဲ့ကျမဘ၀မှာဘယ်လောက်များ ရှိခဲ့ပြီးပြီလဲ။ တစ်နှစ် ... နှစ်နှစ် ... သုံးနှစ် ... လေးနှစ်။ သူနဲ့ဆုံခဲ့တာလည်း ခုလိုလပြည့်ညတွေထဲက တညပဲ ... ။ မတွေးပါဖူးဆိုမှ အာရုံတွေမှာ ပုံရိပ်တွေစလိုးမိုးရှင်းရုပ်ရှင်ကားလို တစချင်းထွက်လာတယ်။

“မိဝေရေ ... အရက်ပျံရယ် ပတ်တီးရယ် အမြန်ယူခဲ့ဟေ့။”

ပါးစပ်ကအော်ရင်း ကိုကြီးကအိမ်ထဲကိုဝင်လာတယ်။ သူ့ထက်အရပ်အတော်လေးပုတဲ့လူတယောက်ကိုတွဲလာတယ်။ ကျမလည်း ကိုကြီးပြောတဲ့ဟာတွေ အမြန်ပြေးယူပြီး သူတို့နားရောက်တော့ ...

“ဟင် ... သွေးတွေ သွေးတွေ...”

သွေးမြင်ရင်မူးချင်တဲ့ကျမ ခေါင်းထဲမိုက်ခနဲဖြစ်သွားတယ်။

“ကဲ .. ကဲ .. ငါ့ကိုမြန်မြန်ပေး။”

ကိုကြီးက ကျမယူလာတာတွေအမြန်လှမ်းယူပြီး အဲဒီလူရဲ့သွေးတွေရဲနေတဲ့လက်ဖ၀ါးပေါ်ကို လောင်းချလိုက်တယ်။ ကျမမျက်နှာချက်ချင်းလွှဲလိုက်တယ်။ ဒါပေမယ့် မကြာခင်ပြန်ကြည့်တော့ ...

“အေးကွာ မင်းဒဏ်ရာကနည်းနည်းနက်တော့ စပ်တော့စပ်မယ်။ အရမ်းမကြီးလို့တော်သေးတာပေါ့ကွာ။”

လက်ကလည်း ဆေးထည့် ပတ်တီးစီးနဲ့ တရစပ်လုပ်ရင်း ကိုကြီးက စကားတွေပြောနေပေမယ့် တခြားတယောက်ဆီက ဘာသံမှထွက်မလာဖူး။ သူ့မျက်လုံးတွေက ဒေါသရောင်ထွက်နေသလိုပဲ။ အသားဖြူတဲ့သူ့မျက်နှာမှာ သွေးရောင်လွှမ်းနေတယ်။

“စိတ်လျှော့လိုက်ပါ သူငယ်ချင်းရာ” ... သူ့ပုခုံးကိုပုတ်ပြီး ကိုကြီးကပြောတယ်။ အဲဒီလူကတော့ ကျောက်ရုပ်ပုံစံက မပြောင်းလဲသေး။ အဲဒီညက သူ ကျမတို့အိမ်မှာပဲ အိပ်ဖြစ်တယ်။ အပြင်က ကွပ်ပစ်မှာ လကိုငေးပြီးသူလှဲနေတာ ကျမမအိပ်ခင် တွေ့လိုက်တယ်။

“ဝေ့ကိုချစ်မိနေပြီ၊ ကို လက်ထပ်ပါရစေ။” လို့သူစာရေးလာလိမ့်မယ်လို့ ကျမမထင်ခဲ့မိဖူး။ သူနဲ့ကျမက အသက် ခုနှစ်နှစ်ကွာတယ်။ ကိုကြီးသူငယ်ချင်းတယောက်အနေနဲ့ မေးထူးခေါ်ပြောပဲ လုပ်ဖူးတာ။ သူနိုင်ငံခြားကို ပညာတော်သင်ထွက်သွားတော့လည်း ကျမတို့ကြား ထွေထူးတဲ့နှုတ်ဆက်ခြင်းဆိုတာမရှိခဲ့ပါဖူး။ ဒီတော့ သူ့စာကိုကိုင်ရင်း ကျမဘာကိုဆုံးဖြတ်ရမလဲ။ ကျောင်းက လုပ်ဖော်ကိုင်ဖက်ဆရာညိုမင်းရဲ့ ခပ်ချောချောမျက်နှာ မျက်စိထဲပေါ်လာတယ်။ “ဒါ ဆရာမပန်ဖို့ပန်း” တဲ့။

“ဝေေ၀ရာ ... သူတို့စိတ်တိုင်းကြိုက်လုပ်လိုက်တော့ မင်းဘာဖြစ်သွားမှာလဲ။ သူတို့က ငါ့ကိုငယ်ငယ်လေးတည်းက ခုလိုဖြစ်အောင်စောင့်ရှောက်ကျွေးမွေးထားတဲ့ကျေးဇူးတွေရှိတယ်လေ။ မင်းဘက်ကသည်းခံလိုက်ပေါ့ကွာ။”

“ဝေေ၀ရာ ... ငါ့မှာတနေ့တနေ့ဆေးခန်းကိစ္စနဲ့ အလုပ်ကရှုပ်။ ညကြီးမင်းကြီးမှ မောမောနဲ့ပြန်ရောက်တုန်း ထမင်းဟင်းကို စိတ်ဖြောင့်ဖြောင့်စားပါရစေဦး။ သူတို့ကို သည်းခံပါလို့ ငါအတန်တန်ပြောထားတာပဲ။”

“ဟာကွာ ... ကဲ စိတ်ညစ်ဦး စိတ်ညစ်ဦး” “ငါ့ပိုက်ဆံနဲ့ငါဝယ်ထားတာတွေ ငါ့ဘာသာခွဲတာ ဘာဖြစ်လဲ။ ဘယ်ပတ်ဝန်းကျင်မှလည်း ဂရုမစိုက်ဘူး။ မင်း ငါ့စိတ်ကိုသိတယ်မို့လား”

“သမီးရေ .. သမီးဒေါ်လေး ဝေေ၀့ကိုကြည့်စမ်း ဘယ်လောက်အိမ်ထောင်ကံကောင်းလဲ။ ခုဆို အစစအရာရာ မကြောင့်မကျနေရတာ။ သူ့ယောက်ျားကိုလည်း သည်းခံသင့်တာသည်းခံပြီး အိမ်ထောင်ရေးသာယာနေတာ။ သမီးလည်း အိမ်ထောင်ပြုရင် အဲလိုအတုယူရမယ်။ ကိုယ့်ယောက်ျားဆိုတာ ကိုယ်ကဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ နားလည်မှ နှစ်ဦးနှစ်ဘက်ပြေလည်မှာ”

.....

.....

ကျမဆုံးဖြတ်ချက်ကမှန်ခဲ့တယ်လို့ ခုချိန်ထိကျမယုံကြည်တယ်။ မိန်းကလေးတယောက်အတွက် ရေမြင့်မှကြာတင့်မယ် ဆိုတဲ့ဆိုရိုးစကားအတိုင်း ကျမဘ၀လည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရေထဲမှာရှိတဲ့ အမှိုက်သရိုက်တွေကလည်း ကြာပန်းကိုရိုက်ခတ်နိုင်တဲ့အကြောင်းက အဲဒီဆိုရိုးမှာဆက်မပြောထားဖူး။

ကြိုးတပ်ဗုံးကိုရေတွင်းထဲဆွဲလိုက်ရင်း ကျမစိတ်တွေကိုလည်း ပစ္စုပ္ပန်ဆီ ပြန်ဆွဲယူလိုက်တယ်။ မနက်ဖြန်ဆို သူနဲ့တွေ့ရတော့မယ်။ တပတ်မှာ စနေ တနင်္ဂနွေ နှစ်ရက်တည်းတွေ့ရဖို့ကို တကယ်ဆိုစိတ်ထဲမှာအမြဲ မျှော်လင့်နေသင့်တယ်။ ခုတော့ ကျမစိတ်တွေဘာလို့လေးနေလဲ။

“ကျုပ်ကတော့ စိတ်ညစ်ရင် ရွာပြန်မှာပဲနော်။ သမီးလေးကို ငယ်ငယ်လေးတည်းက ထိန်းလာလို့ သံယောဇဉ်ဖြစ်နေလို့သာ နေရတာ။”

“မင်းကလည်းကွာ သူနဲ့အလိုက်အထိုက်နေလိုက်ပေါ့။ နို့မဟုတ် သမီးကို ဘယ်သူစောင့်ရှောက်မလဲ။ သမီးက သူ့ကိုအသားကျနေပြီ။ နောက်ကလေးထိန်းအသစ်ရှာရရင် ကလေးနေသားမကျရင် ကလေးဒုက္ခရောက်မယ်။”

သမီး ... အင်း ကျမသမီးလေး ... သမီးလေးကိုတွေ့ချင်တယ်။

“မင်းလစာက နှစ်ပဲတပြားနဲ့၊ ထွက်လိုက်ပါလို့အတန်တန်ပြောနေတာလည်း မရဘူး။”

“ဆရာမလေးရှိလို့ ကျနော်တို့ကျောင်းလည်းအဆင်ပြေနေတာဗျာ။ ကျေးဇူးပါပဲ။”

နားနှစ်ဘက်ကိုပိတ်လိုက်တယ်။ မျက်စိတွေက ရေတွင်းထဲကငြိမ်သက်နေတဲ့ရေပြင်ဆီ အကြည့်ရောက်သွားတယ်။ ကြည့်စမ်း ... လမင်းက ရေတွင်းထဲရောက်နေတယ်။ အမေက ကျမငယ်ငယ်တုန်းက ညညငိုတိုင်း ဆိုပြလေ့ရှိတယ် ... လမင်းကိုထွေးပိုက် ခေါင်းအုံးအိပ်တော့ သမီးရယ် အငိုတိတ်ပါကွယ် တဲ့။ ကျမငိုရတာပင်ပန်းလှပြီ။ လမင်းကိုရင်ခွင်ထဲထားပြီး အိပ်လိုက်ချင်တယ်။ လမင်းကိုထိခွင့်ရရင် လမင်းရဲ့နူးညံ့ခြင်းအောက် ကျမရဲ့အပူတွေအေးငြိမ်းသွားမယ်။ လမင်းဆီ ကျမသွားရမယ် ... ။ ရေတွင်းရဲ့ဘောင်ပေါ်ကို ကျမတက်လိုက်တယ်။ လမင်းကို လက်နဲ့လှမ်းဖမ်းကြည့်တယ်။ လမင်းက ကျမဖမ်းတာ မခံ။ လွတ်ထွက်သွားတယ်။ ဒီ့ထက်နီးအောင်သွားမှပဲ ....

“ဒိန်း”

ကျမပတ်ဝန်းကျင်မှာ လက်ခနဲဖြစ်သွားတယ်။ လမင်းနောက်ကို ပြေးလိုက်နေတဲ့ ကျမစိတ်က လန့်နိုးသွားသလိုပဲ။ ငယ်ငယ်တုန်းက လမင်းရဲ့အထွေးအပွေ့ဆိုတာ အမေ့ရင်ခွင်ထဲမျက်နှာတိုးအိပ်ခဲ့ရတဲ့ညတွေပါလားဆိုတာ သွားသတိရလိုက်တယ်။

ရေတွင်းဘောင်ပေါ်က ဖြေးဖြေးချင်းဆင်းလိုက်တယ်။ ကျမသိလိုက်တယ် ... လမင်းဆိုတာဖမ်းလို့ဘယ်ရမလဲ၊ မိုးပေါ်မှာပဲရှိနေတာကိုး။ ဒီတော့
ကျမအမေလိုပဲ ကျမရင်ခွင်ဟာလည်း သမီးလေးအတွက် အငိုတိတ်ဖို့လိုအပ်သေးတယ်။

(16 April 2009)

1 comments:

Unknown said...

မေမေကို သတိရလိုက်တာ

Post a Comment