Sunday, April 19, 2009

ကျနော့်ရဲ့ အပြာရောင်နှင်းဆီပင်

Sunday, April 19, 2009
ကျနော့်ရဲ့ အပြာရောင်နှင်းဆီပင်

အပြာရောင်နှင်းဆီကို ခင်ဗျားတို့မြင်ဖူးကြလား ။ ကျနော်ကတော့ မြင်ဖူးယုံတင်ဘယ်ကမလဲ အပြာရောင်နှင်းဆီပင်ကို ပိုင်ဆိုင်ခဲ့ဖူးတယ်ဗျ။ ဖြစ်ကြောင်းရယ်ကုန်စင်ပြောရရင် ဒီလို။

ဟုပ် ဆိုတဲ့နိုင်ငံကိုခေတ္တရောက်တုန်း ပန်းဂေဟာ (Flower Garden) လို့နာမည်ရှိတဲ့ ပန်းတွေရောင်းတဲ့ဥယာဉ်ခြံရှေ့ ဖြတ်လျှောက်မိတယ်။ အထဲကိုလှမ်းကြည့်လိုက်တော့ ပန်းပေါင်းစုံကြားမှာ ထင်ရှားနေတဲ့ မိုးပြာရောင်သမ်းနေတဲ့နှင်းဆီပန်းတွေကို မြင်လိုက်ရတယ်။ ကျနော့်တသက်မှာ အပြာရောင်နှင်းဆီဆိုတာ တခါမှမမြင်ဖူးတော့ တအံ့တသြ စိတ်ဝင်တစားကြည့်လိုက်မိတယ်။ အဲဒီနောက် အပြာရောင်နှင်းဆီပန်းအိုးတအိုးကို ၀ယ်ဖြစ်သွားတယ်ပေါ့ဗျာ။

နောက်မှ စဉ်းစားမိတယ် ... မြန်မာပြည်ကိုအပြန်ခရီးမှာ လေယာဉ်ပေါ် ဒီပန်းအိုးကို ဘယ်လိုသယ်သွားမလဲပေါ့။ ပန်းအိုးထဲမှာ တပွင့်တည်းပွင့်နေတဲ့အပြာရောင်နှင်းဆီလေး ကြေမွသွားမှာလည်း စိုးရိမ်မိသေး။ ဒါနဲ့ မပြန်ခင်တရက်ကျတော့ ပန်းအိုးအရွယ်လောက်ရှိတဲ့ ဂျပ်ဗူးကိုရှာ၊ ပန်းအိုးကိုထည့်၊ လေ၀င်ပေါက်လေးတွေဖောက်နဲ့ တော်တော်အလုပ်ရှုပ်သွားတယ်။ ပန်းပင်က ခပ်သေးသေးလေးမို့ တော်သေးတယ်။

ပြန်မယ့်နေ့ကျတော့ အဲဒီဂျပ်ဗူးကို အသေအချာပိုက်ပြီး လေယာဉ်ခွင်းကိုဆင်းခဲ့တယ်။ လေယာဉ်ပေါ်ရောက်တော့ သဘောကောင်းတဲ့လေယာဉ်မယ်တွေကိုခွင့်တောင်းပြီး ပန်းပင်ထည့်ထားတဲ့ဂျပ်ဗူးကို ပစ္စည်းတွေကျပ်မနေတဲ့ သီးသန့်တနေရာမှာ ထားခွင့်ရခဲ့တယ်။ လေယာဉ်စီးရင်း ကိုယ့်မြန်မာပြည်ပြန်ရတော့မယ်ဆိုတဲ့ အပျော်နဲ့ စိတ်ကူးတွေယဉ်လိုက်မိသေး ... နှင်းဆီကြိုက်တတ်တဲ့ ကျနော့်ချစ်သူ ရဲ့ မွေးနေ့ကျရင် ထူးခြားတဲ့ အပြာရောင်နှင်းဆီလေးပေးလိုက်ရင် ဘယ်လောက်များဝမ်းသာလိုက်မလဲ ... နှင်းဆီဆိုတာ ကိုင်းချိုးပြီး အပင်တွေပွားလို့ရတယ်လို့ ပြောတယ်။ အဲလိုအပင်တွေပွားပြီး မြန်မာပြည်မှာ ရောင်းလိုက်ရင် စီးပွားဖြစ်ဦးမှာပဲ။ ကျနော်ချမ်းသာလာရင် မိဘတွေကို အိမ်အကြီးကြီးဝယ်ပြီး တခမ်းတနားထားလို့ရပြီ ... သူတို့စားချင်တာ သုံးချင်တာ လိုသလောက်ပေးလို့ရပြီ ... ...

ရှစ်နာရီလောက်လေယာဉ်ကိုစီးပြီး ရန်ကုန်မြို့တော်ကြီးကို ပြန်ရောက်လာတယ်။ တပတ်လောက် ကျနော်မရှိတဲ့အချိန် ရန်ကုန်မြို့မှာ ဘာမှထွေထွေထူးထူးဖြစ်ပျက်ထားပုံမပေါ်ပါဖူး။ သူ့ဘာသာလည်ပတ်မြဲ လည်ပတ်လျက်ပုံစံမျိုးနဲ့။ ပန်းပင်တပင်ကိုတယုတယထုပ်ပိုးပြီး နိုင်ငံခြားကတောင်သယ်လာတယ်ဆိုတော့ လေယာဉ်ကွင်းကစစ်ဆေးသူတွေ ကျနော့်ကိုတအံ့တသြဖြစ်လို့ပေါ့။ ဘယ်သူတွေဘယ်လိုထင်ထင် ကျနော်ကတော့ ကိုယ့်စိတ်ကူးတွေနဲ့ကိုယ် ခပ်ပြုံးပြုံးပါပဲ။ အဲဒီနေ့က ကျနော့်ချစ်သူက ကျနော့်ကိုလာမကြိုလို့တော်သေးတယ်။ နို့မဟုတ် သူက ကျနော်သယ်လာသမျှဖွင့်ကြည့်တတ်တော့ သူ့မွေးနေ့မှအံ့သြသွားစေမယ့်ဆိုတဲ့ ကျနော့်စိတ်ကူးလေး အကောင်အထည်မဖော်နိုင် ဖြစ်သွားမယ်။ ကျနော့်မိဘတွေကတော့ ခပ်အေးအေးပါပဲ .. ကျနော်အိမ်ရောက်လို့ အပင်ကို ဂျပ်ဗူးထဲကထုတ်ပြီး ခြံထဲမှာထားတော့မှ ပန်းပင်ယူလာမှန်းသိတယ်။ ပန်းပင်ကိုဒီလောက်မကြိုက်တဲ့ကျနော် ဘာလို့ခုလို တကူးတကသယ်လာပါလိမ့်လို့ နားမလည်ချင်တဲ့မျက်လုံးတွေနဲ့တော့ ကြည့်တာပေါ့။ မေးခွန်းလည်း ထုတ်ချင်ပုံပါပဲ။ ဒါပေမယ့် မမေးခဲ့ဖူး။ သူတို့နဲ့ကျနော့်ကြားက အဲလိုပဲ ... ကျနော်လုပ်တာကို သူတို့ကနားမလည်၊ ပွင့်ပွင့်လင်းလင်းမေးမြန်းပြောဆိုတာလည်း နည်း၊ ကျနော်ကလည်းဖြေရှင်းပြဖို့ ၀န်လေး။ ထားပါတော့လေ။

ကျနော့်အပြာရောင်နှင်းဆီပင်အကြောင်းဆက်ပြောရရင် ကျနော့်တသက်တခါမှပန်းပင်တပင်ကို ခုလောက်ထိ နှစ်နှစ်ကာကာကြိုးစားပန်းစားမစိုက်ဖူးဘူးဆိုရမယ်။ ဟုပ်နိုင်ငံရဲ့ရာသီဥတုက အမြဲလိုလို မှုန်မှိုင်းမှိုင်းဖြစ်နေတာဆိုတော့ မြန်မာနိုင်ငံရဲ့ရာသီဥတုနဲ့ကွာတယ်။ ဒါကြောင့် အဲဒီအပင်ကို လေကောင်းလေသန့်လည်းရအောင်၊ နေရောင်တိုက်ရိုက်မကျ အပူဒဏ်မပြင်းလွန်းတဲ့နေရာမျိုးမှာထားရတယ်။ မိုးရွာတော့မယ်ဆိုရင်လည်း ဟာလာပြင်မှာထားရင် အပင်ရေမွန်းမှာစိုးလို့ အိမ်ရှေ့စင်ဝင်အကာအောက် အပင်ကိုပြန်သယ်ထား၊ သဘာဝမိုးစက်က အပင်အတွက်ကောင်းတယ်ထင်လို့ မိုးစက်မှုန်တွေဖြန်းပက်နိုင်မယ့် အဲဒီစင်ဝင်ရဲ့အစွန်းနားလေးမှာထားရနဲ့။ သုံးလေးပတ်လောက်လည်းပြီးရော နှင်းဆီပင်ကပိုထွားလာတယ်။ ဒါနဲ့ကိုင်းသေးသေးလေးတကိုင်းကိုချိုးပြီး တခြားပန်းအိုးမှာကိုင်းပွားစိုက်လိုက်တယ်။ နောက်တော့ မူလယူလာတဲ့ပန်းအိုးရယ် နောက်ပွားထားတဲ့ပန်းအိုးရယ် နှစ်အိုးလုံးကိုဂရုတစိုက်နဲ့ ထားရတယ်။ ဒါပေမယ့် အဲလိုလုပ်နေရတာကို ကျနော့်စိတ်ထဲပင်ပန်းတယ်လို့မထင်မိဖူး။ နှင်းဆီပန်းအိုးနှစ်အိုးကိုကြည့်တိုင်း ကျနော့်စိတ်ကူးတွေအကောင်အထည်ဖော်ဖို့ တရက်ပိုပိုနီးလာပြီဆိုပြီး ပီတိတွေဗလဗွနဲ့ပေါ့။ အပြာရောင်နှင်းဆီပန်းကိုမြင်ရင် ကျနော်သိပ်ချစ်ရတဲ့ချစ်သူလေးလည်း သူ့မွေးနေ့မှာ ထူးထူးခြားခြားပျော်ရွှင်ရမယ်။ ကိုင်းတွေပွားပြီး တစပြီးတစအောင်မြင်လာရင် နှင်းဆီပန်းခြံလုပ်ပြီး စီးပွားရေးလုပ်လို့ရမယ်။ ကျနော်ချမ်းသာရင် ကျနော့်မိဘတွေကို ဒီ့ထက်ပိုကောင်းတဲ့အဆင့်မှာ ထားပြီး ကျေးဇူးဆပ်နိုင်မယ်။ အဲဒီစိတ်ကူးတွေကြား တနေ့တနေ့ မြူးပြီး အားအင်တွေအပြည့်နဲ့ပေါ့။

အဲလိုနဲ့ အဲဒီပန်းပင်နှစ်ပင်ကြားလုံးခြာလိုက်နေလာတာ နှစ်လလောက်ကြာသွားပြီး၊ တနေ့ခြံထဲမှာ ပန်းပင်တွေကို ရေလောင်းနေတုန်း ကျနော့်အမေက ကျနော့်ကိုလာပြောတယ် ...

“သား ... မင်း ဟိုတခေါက် နိုင်ငံခြားကပြန်လာပြီး ဒီအပင်နှစ်ပင်နဲ့ပဲအချိန်တော်တော်ကုန်နေပြီ။ ဒီပန်းပင်တွေက ဘယ်လောက်တောင်တန်ဖိုးကြီးလို့လဲ”

“ဒီလိုလေ မေမေရ .. ဒီနှင်းဆီပင်တွေကသာမန်နှင်းဆီမဟုတ်ဘူး။ အပြာရောင်နှင်းဆီပင်တွေ။ ရှားပါးပန်းပင်မျိုးတွေ။ ပန်းပင်မျိုးပွားတာအောင်မြင်ရင် အပြာရောင်နှင်းဆီဆိုပြီး မြန်မာနိုင်ငံမှာစရောင်းတာ သားပထမဆုံးဖြစ်မယ်လေ။ ဒါကြောင့်ခုလိုအားစိုက်ပြီးလုပ်နေတာပေါ့။”

“ငါ့သားရယ် မင်းက နှင်းဆီပင်ဘယ်လိုစိုက်ရတယ်ဆိုတာ လေ့လာထားတဲ့သူလဲမဟုတ်၊ နှင်းဆီပင်ဆိုတာလည်း တခါမှမစိုက်ဖူး၊ နောက် ဒီလိုနှင်းဆီပင်တွေဆိုတာ သူ့နိုင်ငံနဲ့သူ ရာသီဥတုအလိုက်ဖြစ်ထွန်းတာ။ သားသွားခဲ့တဲ့နိုင်ငံခြားမှာဖြစ်ပေမယ့် ဒီမှာဖြစ်ချင်မှဖြစ်မယ်။ အဲလိုဆို သားအချိန်တွေကုန်မှာပေါ့။ ခုဆို သားက ကုမ္ပဏီမှာမန်နေဂျာဖြစ်နေပြီ။ အလုပ်တွေ တာဝန်တွေများနေပြီ။ အဲဒီကြားက ဒီပန်းပင်တွေအတွက်ပဲ အားစိုက်နေရင် သားတာဝန်တွေလစ်ဟင်းကုန်မယ်။ ဒီနေရာရဖို့ သားဘယ်လောက်ကြိုးစားခဲ့ရသလဲ ကိုယ့်ဘာသာအသိပဲလေ။”

“စိတ်ချပါမေမေရ၊ အဲလိုမဖြစ်စေရပါဖူး။ သားဘာသာသား ခွဲခြားပြီးလုပ်နိုင်ပါတယ်။”

“အေး မင်းကသာ စိတ်ချပါအမြဲပြောနေတာ၊ မင်းလုပ်နေတာတွေကတော့ မဟုတ်သေးဖူးလေ။ မင်းသေချာစဉ်းစားဦး။ ဒါပဲမေမေပြောချင်တယ်။”

မေမေက အဲလိုပြောပြီး ချာခနဲလှည့်ထွက်သွားတော့ ကျနော့်စိတ်ထဲဝမ်းနည်းသွားရတယ်။ သြော် တနေ့တော့ ကျနော့်စိတ်ကူးစေတနာကို နားလည်လာမှာပါဆိုပြီး ပန်းပင်လေးတွေကိုပဲ ဆက်ရေလောင်းနေလိုက်တယ်။ ကျနော့်မျက်စိထဲတော့ နှင်းဆီပင်လေးနှစ်ပင်က တဖြည်းဖြည်းဖွံ့ဖြိုးပြီး အရွက်တွေနဲ့ ပိုပိုဝေဆာလာတာကိုကြည့်ပြီး စိတ်ကူးတွေအကောင်အထည်ပေါ်လာတော့မယ်လို့လဲ ယုံကြည်မိတယ်။ ကျနော်က နှင်းဆီပန်းပင်လေးတွေရဲ့အရည်အသွေးအပေါ်ယုံကြည်သလို ကျနော့်အပေါ်ကျတော့ မိဘတွေကဘာလို့မယုံကြည်နိုင်တာပါလိမ့်ဆိုတဲ့အတွေးကတော့ နှလုံးသားကို အောင့်ခနဲဖြစ်သွားစေတယ်။

သုံးလကြာတဲ့အခါမှာတော့ နောက်ထပ်အပြာရောင်နှင်းဆီတပွင့်ပွင့်လာပါတယ်။ ဒီတခါအပွင့်က ကျနော်ဝယ်တုန်းကထက် ပိုလှတယ်လို့ကျနော့်စိတ်ထဲထင်မိတယ်။ ပန်းစပွင့်ပြီးတပတ်ပြည့်တဲ့နေ့က ကျနော့်ချစ်သူမွေးနေ့ဆိုတော့ အံကိုက်ပဲပေါ့။ အဲဒီတပတ်လုံး ရုံးသွား ရုံးပြန်ချိန်တိုင်း ပန်းအိုးထဲက အပြာရောင်နှင်းဆီပွင့်လေးကို ကြည့်ပြီး ပန်းရရင် ပျော်သွားမယ့်ချစ်သူ့မျက်နှာလေးကို တစိမ့်စိမ့်စဉ်းစားကြည့်တာ ကျနော့်စိတ်အပျော်တွေပြည့်သွားတာပဲ။

ဒါနဲ့ချစ်သူ့မွေးနေ့လည်းကျရော ....

“happy birthday ငယ်ငယ်”

“အိုး အပြာရောင်နှင်းဆီပါလား။ ထူးဆန်းတယ်နော်။ ဒါပေမယ့် နှင်းဆီဆိုတာ အနီရောင်ရဲတွတ်နေမှ နှင်းဆီပိုပီသမယ်ထင်တယ်။”

ချစ်သူကအဲလိုပြောပြီး ကျနော်ပေးတဲ့နှင်းဆီပန်းကို စားပွဲပေါ်တင်လိုက်တယ်။ ပြီးတော့ တခြားဟာတွေဘက် ပိုအာရုံရောက်တဲ့ပုံစံနဲ့ ...

“မွေးနေ့မုန့်သွားလှီးရအောင်။ ငယ့်သူငယ်ချင်းတွေဝယ်လာပေးတာ လှမှလှ။ အကြီးကြီးပဲ။” လို့ ခပ်မြူးမြူးလေးပြောလိုက်တယ်။

ကျနော်ကတော့ စားပွဲပေါ်မှာအထီးကျန်နေတဲ့ ကျနော့်ရဲ့အပြာရောင်နှင်းဆီပန်းပွင့်လေးကို လည်ပြန်ကြည့်ရင်း စိတ်မပါ့တပါနဲ့ ချစ်သူကြိုက်တဲ့မွေးနေ့ကိတ်မုန့်ကြီးဆီ ချစ်သူနဲ့ခြေလှမ်းသွားလိုက်တယ်။

နောက်နေ့မနက်ကျ သုံးလလုံးကျနော်ကြိုးစားပမ်းစားပြုစုထားရတဲ့ အပြာရောင်နှင်းဆီနှစ်ပင်ရှေ့ထိုင်ပြီး အကြာကြီးငေးကြည့်နေမိတယ်။ ပြီးတော့ထိုင်ရာကနေ ဖြေးညှင်းစွာထပြီး ပန်းပင်တွေကိုကျောခိုင်းလိုက်တယ်။ အဲဒီနေ့ကစပြီး ဘယ်ပန်းပင်ကိုမှကျနော်မစိုက်ဖြစ်တော့ဖူး။ ကျနော့်စိတ်တွေကို အလုပ်ထဲမှာ အာရုံစိုက်ထားလိုက်မိတယ်။ ကျနော့်မိဘတွေကတော့ စီနီယာမန်နေဂျာအဖြစ် ရာထူးတက်သွားတဲ့ သူတို့သားအတွက် ဂုဏ်ယူမဆုံးပေါ့။

“တော်သေးတာပေါ့၊ ငါ့သားပန်းပင်တွေနဲ့အချိန်မကုန်တော့လို့” ဆိုပြီး မေမေပြောတော့ ကျနော်နှုတ်ဆိတ်ငြိမ်သက်နေမိတယ်။ ကျနော့်မှာ ပြောစရာစကားရှားပါးသွားသလိုပဲ။

“ဟယ် ပန်းစည်းကြီးက လှလိုက်တာ။ ပန်းတွေအရောင်မျိုးစုံပဲ”
ပန်းဆိုင်က၀ယ်လာတဲ့ ပန်းစည်းကိုကြည့်ပြီး အပျော်တွေနဲ့မြူးသွားတဲ့ချစ်သူ့မျက်နှာလေးကို ကြည့်လိုက်တယ်။

ပြီးတော့ ကျနော်စိုက်ဖူးတဲ့အပြာရောင်နှင်းဆီပင်တွေအကြောင်း ခေါင်းထဲက ရာသက်ပန်ဆွဲထုတ်လိုက်ပါတော့တယ်။

(19 April 2009)

0 comments:

Post a Comment